ကျွန်တော်အမုန်းဆုံးကျွန်တော် (အပိုင်း -၁)

#လယ်တွင်းသားစောချစ်

ပူဟုန်ပြင်းစ၊ နှင်းစဲစ။

ဟေမာန်ယွင်းစ၊ နွေချဉ်းစ။

ရှစ်ရပ်ဝန်းကျင်မှာ မြူမှုန်၊ ဖုန်မှုန့်တို့ဖြင့် မှိုင်းနေသည်။ လေပွေလေရူး တိုက်ရာသို့ ရွက်ဝါလေးများက ကြွေလွင့်နေကြသည်။

စာမေးပွဲခန်းမှ အထွက်တွင် သက်ပြင်းပူပူတစ်ချက်ကို ကျွန်တော်ပါးစပ်မှ မှုတ်ထုတ်ရင်း မျက်နှာမှ ချွေးများကို လက်ကိုင်ပဝါ ဖြင့် သုတ်ပစ်လိုက်သည်။

ယနေ့ ဆယ်တန်းစာမေးပွဲ နောက်ဆုံးဘာသာရပ်ကို ဖြေခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ကျသွား၍ ရင်ထဲမှာ ပေါ့ပါးသွားသည်။ အောင်မအောင်ဆိုသည်ကိုတော့ မတွေးချင်၊ နောင်ခါလာ နောင်ခါဈေးဟု သဘောထားလိုက်သည်။

စာမေးပွဲခန်းထဲမှ အစောဆုံးထွက်လာကြသူများတွင် ကျွန်တော်ပါ ဝင်သည်။ ကျွန်တော့်ရှေ့မှာ ထွက်နှင့်သူ နည်းသေးသည်မို့ အပြင်မှာ လူသိပ်မရှိသေး။

မအေးဖြူ ဖြေနေသည့် တစ်ဖက်ဆောင်မှ အခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ မအေးဖြူကို မမြင်ရ။ တခြားလူတွေ ကုန်းနေ အောင် ဖြေနေကြဆဲ။

မအေးဖြူက ကြိုးစားသည်။ အချိန်မစေ့ဘဲ ထွက်မည် မဟုတ်။ ကြိုးကြိုးစားစား ဖြေနေမည့် သူ့ပုံလေးကို မြင်ယောင်၍ ပြုံးမိသည်။

ကျောင်းအောက်ရောက်မှ ကျွန်တော့်ထက် အလျင် စောထွက်သူအချို့ကို တွေ့ရသည်။

ဆရာတစ်ယောက်က မေးခွန်းကိုင်၍ ကျောင်းသား နှစ်ယောက်နှင့် စကားပြောနေသည်။ ဘာဘာ ညာညာ အဖြေတိုက်ပြီး စစ်ဆေးနေကြဟန် တူပါ၏။ ကျွန်တော်ကတော့ ဖြေခဲ့ပြီးမှ ပြင်၍ မရတော့သည်ကို အမှားအမှန် ကိုက်မနေချင်။ မှားသည်ဟုဆိုလျှင် စိတ်ညစ်နေရဦးမည်။ ကိုယ့်ဘာသာကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် ဖြေခဲ့ပြီ။ အောင်ဖို့ ကျဖို့ဆိုသည်မှာ စာစစ်သူ၏တာဝန်သာ ဖြစ်သည်ဟု သဘောထားလိုက်သည်။

ကျွန်တော့်မှာ ထို့ထက်ပို၍ အရေးကြီးသော စိတ်ဝင်စား စရာရှိနေသည်။ စာမေးပွဲပြီးလျှင် မအေးဖြူနှင့် တွေ့ရန် ချိန်းထား သည်။ ကျွန်တော်တို့နှစ်ဦး သဘောတူနေရာသတ်မှတ်ထားပြီးသား။

သို့သော် ကျောင်းမှ အတူထွက်၍ မဖြစ် မအေးဖြူအိမ်မှ သိလျှင် ပြဿနာတက်မည်။ ကျွန်တော် အလျင်သွားနှင့်ရမည်။ မအေးဖြူ နောက်မှ လိုက်လာလိမ့်မည်။

နေရာက နည်းနည်းဝေးသည်။ ဒုဠာဝတီမြစ်ကမ်းဘေး အထိ သွားရမည်။ သို့သော် ကိစ္စမရှိ။ မလာချင်လျှင် ခရီးဝေးသော် လည်း လာချင်လျှင်အနီးကလေး

သည့်ထက်ပိုပြီး လာချင်သွားချင်သော နေရာမရှိ။ ချစ်သူနှင့် တွေ့ရမည့်နေရာကမ္ဘာပေါ်တွင် အလှဆုံးနေရာ။

နေကပူလွန်းလှသည်။ ကိစ္စမရှိ၊ ချစ်သူမျက်နှာကလေးကို တွေ့လိုက်ရုံနှင့် တစ်လောကလုံး အေးသွားမည်။

သူက စက်ဘီးနှင့်လာမည်။ ကျွန်တော် ခပ်သွက်သွက် ကလေးလျှောက်ရသည်။ မအေးဖြူထက် အလျင်ရောက်နှင့်ချင်သည်။ ချစ်သူ လာမည့်လမ်းဆီသို့ လှမ်းမျှော်နေရသော နွေးနွေး ထွေးထွေးအရသာလေးကို ခံစားချင်သည်။

ရောက်ပါပြီ။ ဒုဋ္ဌာဝတီ မြစ်ကမ်းဘေးမှ အေးမြသော အိုအေစစ်ကလေး။ စိမ်းစိမ်းညိုညို၊အုပ်ဆိုင်းဝိုင်းပတ်ထား သည့် အအေးဆိုင်ကလေး၊

လှပသောနေရာ စိတ်ကူးယဉ်စရာနေရာ။ ကျွန်တော်က ဤနေရာလေးကို “အချစ်ရွာ” ဟုအမည်ပေးထားသည်။ ဒုဌာဝတီမြစ် ကို လှမ်းမြင်နိုင်သော ဥနှဲပင်အောက်မှ သီးခြား စားပွဲလေးတွင် ကျွန်တော်ဝင်ထိုင်လိုက်သည်။

မအိုပင်ဟုပြောကြသော ဥနှဲပင်၏ အရိပ်က သိပ်သိပ် သည်းသည်းရှိလှသည်။

မြစ်ဘက်မှ တိုက်လာသော လေနုအေးကြောင့် ချွေး ကလေးတွေသိပ်သွားသည်။

“ဘာသောက်မှာလဲ ကိုစိုးနိုင်”

ဆိုင်မှကောင်လေးက လာမေးသည်။ ကျွန်တော်က လက်ကာပြလိုက်သည်။

“နေဦးကွ … တစ်ယောက်ကျန်သေးတယ်”

ကောင်လေးက သဘောပေါက်၍ ပြုံးပြီး ထွက်သွားသည်။ လက်မှနာရီကို လှမ်းကြည့်လိုက်သည်။ အချိန်စေ့ပြီ။

ခုလောက်ဆို မအေးဖြူ အဖြေလွှာများကို သိမ်းဆည်းအပ်နှံ နေရော့မည်။

ကျွန်တော် အေးအေးဆေးဆေးပင် မြစ်ပြင်ဆီသို့ ငေးမောရင်း စောင့်နေလိုက်သည်။ ခပ်ဝေးဝေးတွင် ရွက်လှေကြီးတစ်စင်း ရွက်တိုက် လွင့်မျောနေသည်။

ကျွန်တော် ကဗျာစပ်ချင်စိတ်ပေါက်လာ၍ အိတ်ထဲမှ ဗလာစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

နောက်ဆုံးစာရွက်များမှာ ကဗျာအတိုအထွာများနှင့်ချည်း ပြည့်နေ၍ ငါးရွက်ခန့် နောက်ပြန်လှန်မှ စာရွက်လွတ်များသို့ရောက် သည်။

မြစ်ပြင်မှ ရွက်လှေကြီးများဆီသို့ တစ်ခါလှမ်းကြည့်လိုက် သည်။ ဖြည်းဖြည်းငြိမ့်ငြိမ့် လွင့်မျောနေပုံက လွမ်းမောစရာ။

လှေကလေး တစ်စင်းတွင် မအေးဖြူနှင့်အတူရွက်ကုန် ဖွင့်ပြီး လွင့်ချင်စမ်းလှသည်။

“လှေငယ်ရှင် ရွက်ကုန်ဖွင့် ၊

လွှင့်ချင်ရဲ့ ချစ်သူရယ်”

မအေးဖြူလိုက်နိုင်ပါ့မလား။ လိုက်ရဲပါ့မလား။ အို .. တကယ်ချစ်ရင် သတ္တိရှိရမှာပေါ့။

ရေပြင်ကျယ်၊ ကူးကြမယ်နှစ်ယောက်တည်း ဘယ်လှိုင်းဘယ်လိုထန်လို့၊ ရေဆန်မှာလေဆန်တိုက်လဲ..။

ဆိုင်ဘက်မှ စက်ဘီးသံကြား၍ လှမ်းကြည့်လိုက်တော့ အို … ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း။ မအေးဖြူလာပြီ။ သူ့ သူငယ်ချင်း စန်းစန်းကြည်က စက်ဘီးနှင့်လိုက်ပို့ပြီး ပြန်သွားသည်။ အလိုက်သိသော သူငယ်ချင်းကောင်း။

ကျွန်တော်ထိုင်နေရာမှ ထလိုက်သည်။

လွယ်အိတ်ကလေးလွယ်လျက် ကျွန်တော်ရှိရာ စားပွဲဆီသို့ လျှောက်လာနေသော မအေးဖြူ၊ အသားကလေးဖြူဝင်းရုံမက စိတ်ရင်းပါဖြူစင်၍ မျက်နှာကလေးကလည်း အေးချမ်းသောကြောင့်

နာမည်နှင့်လိုက်သော မအေးဖြူ။ ကျွန်တော် သိပ်ချစ်သိပ်မြတ်နိုးပြီး ၊ အထင်ကြီးရသော မအေးဖြူ ၊

မအေးဖြူက စားပွဲပေါ်သို့ လွယ်အိတ်ကလေးတင်လိုက်သည်။

ကျွန်တော့်လွယ်အိတ်နှင့်ဘေးချင်းယှဉ်လျက်။

သူထိုင်ရန် ခုံရွေးလိုက်သည်။ ကျွန်တော်နှင့် မျက်နှာချင်း ဆိုင်မဟုတ်။ တစ်ဖက်တည်း ဘေးချင်းယှဉ်ကပ်လျက်လည်းမဟုတ်။ လေးထောင့်စားပွဲတွင် ကျွန်တော်ထိုင်သည့် မျက်နှာစာနှင့် ထောင့်စွန်း တစ်ခုသာခြားသော ဘယ်ဘက်မှ နေရာ။

“အစ်ကို ဖြေနိုင်လားဟင်”

ထိုင်ထိုင်ချင်းမေးသော မေးခွန်း ၊

ကျွန်တော်စာမေးပွဲ ဖြေနိုင်ဖို့၊ စာမေးပွဲအောင်ဖို့မှာ သူ့ အတွက် အရေးအကြီးဆုံး ဖြစ်နေဟန်တူပါ၏။

ကျွန်တော်က သူ စိတ်ကျေနပ်အောင် ခေါင်းညိတ်ပြလိုက် သည်။ ဆိုင်မှကောင်လေးရောက်လာသည်။

“ကိုစိုးနိုင် သောက်တော့မှာလား”

“အေး … သံပုရာရည်ချဉ်ချဉ် နှစ်ခွက် ဖျော်ခဲ့၊ ရေခဲတွေကို ထုချေမထည့်နဲ့နော်၊ အတုံးအခဲလိုက်ထည့်”

မအေးဖြူအကြိုက် မှာလိုက်သည်။

“မအေးဖြူရော ဖြေနိုင်တယ် မဟုတ်လား”

စာမေးပွဲအကြောင်းမေ့ထားချင်ပြီ ဖြစ်ပေမယ့် ဒီအချိန်မှာ ဒီစကားသည် အမေးသင့်ဆုံး ဖြစ်နေ၍ စိတ်မပါဘဲ မေးလိုက်ရသည်။

“ကြိုးစားတော့ ဖြေခဲ့တာပဲ အစ်ကိုရယ်”

“မအေးဖြူက အောင်မှာ သေချာပါတယ်” “ဟင့်အင်း၊ အဖြူ တစ်ယောက်တည်းတော့ မအောင်ချင်ဘူး၊ အစ်ကိုရော နှစ်ယောက်အတူ အောင်မှ အောင်ချင်တယ်”

ကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော် သက်ပြင်းချမိရသည်။

စာမေးပွဲကြောင့်မဟုတ်၊ မအေးဖြူ၏ မျက်လုံးများကြောင့် မအေးဖြူနှင့် အကြည့်ချင်းဆုံလျှင် ဘယ်နှစ်ခါဆုံဆုံ ရင်ခုန်ရသည် ချည်း။ သိပ်လှသော မျက်လုံးတွေ တောက်ပပြီး အရည်လဲ့နေသည်။

ကိုယ်လုံးကိုယ်ထည် ဖွံ့ဖြိုးသော်လည်း ကျစ်လျစ်၍ အချိုး အဆစ်ကျခြင်း၊ မျက်နှာကလေး အဆင်ပြေစွာ ချောမောခြင်းတို့သည် မအေးဖြူ၏ အလှဖွဲ့ဆိုရာတွင် မပါမပြီးသည်မှာ မှန်ပါ၏။ သို့သော် မအေးဖြူ၏ ထူးခြားသော အလှသည် တောက်ပပြီး အရည်လဲ့ နေသည့် မျက်ဝန်းအစုံဖြစ်သည်။

သူက ရိုးရိုးပင်ကြည့်သော်လည်း ကျွန်တော့်အတွက်တော့ ညှို့ယူဖမ်းစားသည့်နှယ် ခံစားရသည်။

“ဟိုးမှာ ကြည့်စမ်း မအေးဖြူ”

မြစ်ပြင်အဝေးတွင် လေဟုန်စီး၍ လွင့်မျောနေသော ရွက်လှေကြီးဆီသို့ ကျွန်တော်က ညွှန်ပြသည်။

မအေးဖြူက ရွက်လှေကြီးဆီသို့ လှမ်းကြည့်နေသည်။ ကျွန်တော်ကတော့ လှပသော သူ့မျက်လုံးအစုံကို ငေးကြည့်နေမိ သည်။ ထိုမျက်လုံးများထဲမှာ အချစ်လှေကလေးတစ်စင်းကို မြင်နေရ သလိုလို။

“ရော့ ဒီမှာ ဖတ်ကြည့် စပ်လို့ မပြီးသေးဘူး”

မအေးဖြူက ကျွန်တော့်ကဗျာလေးကို ဖတ်နေသည်။

ကျွန်တော်က ကဗျာရူး၊ စာ၊ ဝတ္ထုတွေဖတ်ပြီး စိတ်ကူးယဉ် သည်။ တတ်သမျှ မှတ်သမျှနှင့် လေ့ကျင့် ခန်းစာအုပ်များ၏ နောက်ပိုင်းစာမျက်နှာများတွင် ကဗျာလေးများစပ်သည်။ ဘယ်မဂ္ဂဇင်း မှ ပို့ဖြစ်သည်တော့မဟုတ် တစ်ဦးတည်းသော ကျွန်တော့် စာဖတ် ပရိသတ်က မအေးဖြူ။

“အစ်ကိုနဲ့အတူ ရေဆန် လေဆန်မှာလိုက်ရဲလား ”

မအေးဖြူ ခေါင်းကလေး ညိတ်ပြပုံက ချစ်စရာ။ ။

ရပြီ။ ကာရန်ညီသော သူ့မျက်နှာလေးကို ကြည့်မြင်တိုင်း ကျွန်တော့်အတွက် ကာရန်လေးတွေရစမြဲ။ ကဗျာလေးတွေ ဖြစ်လာကာ

ကျွန်တော်က ချရေးလိုက်သည်။

“လှေငယ်ရှင် ရွက်ကုန်ဖွင့်

လွှင့်ချင်ရဲ့ ချစ်သူရယ်။

ရေပြင်ကျယ် ကူးကြမယ် နှစ်ယောက်တည်း။

ဘယ်လှိုင်း ဘယ်လိုထန်လို့

ရေဆန်မှာ လေဆန်တိုက်လဲ

မကြောက်ပေါင် ရွှေလက်တွဲ

ဘဝ ပင်လယ်ထဲ”

ကျွန်တော်က မအေးဖြူကို ပြန်ပြလိုက်သည်။ သူဖတ်ကြည့် သည်။

“ဟယ် သိပ်ကောင်းတာပဲ၊ အစ်ကိုကတော့ မြန်မာစာ ဂုဏ်ထူးထွက်မှာသေချာတယ်”

ကျွန်တော်မြောက်သွားပြီ။

မအေးဖြူသည် ကျွန်တော့်အတွက် အားဆေး၊

ကျွန်တော့်ကဗျာလေးတွေ ဖတ်ပြီးတိုင်း အားပါးတရ ချီးကျူးတတ်သည်။ တစ်ခါတစ်ရံ ကိုယ့်ဘာသာ အားမရသော ကဗျာကိုပင် သူသဘောကျ နေ၍ ကိုယ်ပါလိုက်ပြီး ကြိုက်မိရသည်။

ဆိုင်မှ ကောင်လေးက သံပုရာရည် နှစ်ခွက် လာချပေး သည်။

“သောက်လေ မအေးဖြူ၊ လန်းသွားအောင်”

သူ့ကိုပြောပြီး ကျွန်တော်က ရေဆာနေသည်မို့ သုံးကျိုက် လောက် ဆက်သောက်ပစ်လိုက်သည်။ ကောင်းသည်။ ချဉ်ချဉ် အေးအေးလေး။ ဖန်ခွက်ကို ပြန်ချလိုက်တော့ တစ်ဝက်လောက် ကျသွားပြီ။

မအေးဖြူကတော့ တစ်ကျိုက်သာ သောက်ဟန်တူပါ၏။ ခွက်ပြန်ချတော့ အများကြီး ကျန်နေသေးသည်။

ကျွန်တော် သူ့ကိုလှမ်းကြည့်တော့ သူ ကျွန်တော့် ကို ကြည့်နေသည်။ လှလိုက်သည့် မျက်လုံးများ၊ ကျွန်တော့်ရင်မှာ မောရ ပြန်သည်။

မအေးသည် အကြည့် ရဲသော မိန်းကလေးမဟုတ် သော်လည်း ကျွန်တော့်အပေါ် စေတနာအပြည့်။

သူနှင့်ချစ်သူ မဖြစ်ခင်က သူ့မျက်လုံးများနှင့် တစ်ခါဆုံရဖို့ အရေး အနှစ်တစ်ရာမှ တစ်ခါသာ ပွင့်သည်ဆိုသော အာသာဝတီ နွယ်နီနတ်ပန်းကို နတ်တို့ မျှော်သလိုမျှော်ရသည်။ တန်ဖိုးကြီးလိုက် သည့်ဖြစ်ခြင်း။ ဆုံပြန်တော့လည်း နှစ်ရက်သုံးရက် မမေ့နိုင်။ ရင်ထဲမှာ မောနေအောင် စွဲစွဲနစ်နစ်ဖြစ်ရသည်။

ထိုအကြောင်းများကို ကျွန်တော်ပြောပြဖူးသည်။ “ဪ … ဒီလောက်ပဲလား၊ အစ်ကိုရယ်”

သူက ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်ဟန်တူသည်။

“အဲ့ဒီ မျက်လုံးလှလှလေးတွေနဲ့ အမြဲတမ်း အကြည့်ချင်း ဆုံနေချင်တယ် မအေးဖြူရယ်၊ မောချင်လည်း မောစမ်းပါစေ၊ ရင်ခုန် ချင်သလောက် ခုန်စမ်းပါစေ၊

အဲ့ဒီဝေဒနာကို တစ်သက်လုံး ခံစားချင်တယ်၊ မတွန့်တို နဲ့နော် မအေးဖြူ”

ကျွန်တော် တောင်းဆိုခဲ့ပြီးကတည်းက ကျွန်တော့် အလိုကို လိုက်၍ အကြည့်ချင်း ဆုံစေပါ၏။ မတွန့်မဆုတ် အကြည့်ခံ ခဲ့ရှာ၏။ မြတ်နိုးစရာ ချစ်မောစေသည့် ဝေဒနာလေးတွေ ကောင်းမှု ပြုနေရှာ၏။ သိပ်ချစ်စရာကောင်းသည့် မအေးဖြူ။

သူ့ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ မောလာရပြန်သည်။ ဖန်ခွက်ကို ကောက်ယူ၍ မော့လိုက်မိ၏။

ပြန်ချလိုက်တော့ ဖန်ခွက်ထဲမှ ရေခဲတုံးကလေးတွေသာ ကျန်တော့သည်။

“ဟောဗျာ အကုန် သောက်လိုက်မိပြီ”

ဖျော်ရည် အအေးသောက်လျှင် ဖြည်းဖြည်းချင်းသောက် ရမည်ဟု မအေးဖြူ သင်ကြားထားသည်ကို ကျွန်တော်မေ့လျော့သွား သည်။

“ရပါတယ် အစ်ကိုရယ်”

မအေးဖြူက သူ့ခွက်ထဲမှ တစ်ဝက်ခွဲပေးသည်။

“ဟင့်အင်း… မယူချင်ဘူး မအေးဖြူသောက်” “အဲ့ဒါကို အတူတူ ကုန်အောင်သောက်မယ်”

မအေးဖြူက နမူနာပြသည်သို့ သူ့ဖန်ခွက် ကို ယူ၍ ဖြည်းဖြည်းချင်း တစ်ကျိုက်သောက်ပြီး ပြန်ချထားလိုက်သည်။ ပြီးတော့ ပန်းနုရောင် မိန်းမကိုင် လက်ကိုင်ပဝါကလေးနှင့် သူ့နှုတ်ခမ်းကို တို့သုတ်လိုက်သည်။ ဆေးမဆိုးဘဲ နီပြေနုဖပ်နေသော နှုတ် ခမ်းလေးက မြတ်နိုးချင်စရာ။

မအေးဖြူကို ကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ စိုးရိမ်စိတ် ကြီးစွာဖြစ်လာမိသည်။

“ဒီလောက်လှပြီး ဒီလောက်ချစ်စရာကောင်းတဲ့ မအေးနဲ့ သာ နေရမယ်ဆိုရင် ငါ ရူးမှာပဲ”

ရှေ့တူရူမှ မြစ်တစ်ဖက်ကမ်းဆီသို့ ကျွန်တော် လှမ်းကြည့် လိုက်သည်။

ရဲရဲနီအောင် ပွင့်နေကြသော ပေါက်ပင် လက်ပံပင်ကြီး များကို နေရာတိုင်းမှာ တွေ့နေရသည်။

“မအေးဖြူ ဟိုမှာကြည့်လိုက်စမ်း”

မအေးဖြူက ကျွန်တော်ညွှန်ပြရာသို့ လှမ်းကြည့်လိုက်သည်။

“ဒီရာသီက သိပ်လွမ်းဖို့ကောင်းတာပဲ၊ မြူမှုန်တွေထပြီး ရွက်ဝါတွေကလည်း ကြွေလို့ လေပွေလေရူးကလည်း တိုက်သေးတယ်။ ပေါက်ပွင့် လက်ပံပင်ပွင့်တွေကလည်း ဘယ်ကြည့်ကြည့် နီရဲနေတာပဲ။ ဒီရာသီကို အစ်ကို သဘောလဲကျတယ်၊

ရင်ထဲမှာလည်း မခံတတ်ဘူး၊ လွမ်းသလိုလို၊ ဆွေးသလိုလို၊ အားငယ် သလိုလိုနဲ့ …”

မအေးဖြူက လက်ပံပင် နီနီကြီးများကို ကြည့်နေရာမှ ကျွန်တော့်ကို ပြန်ကြည့်သည်။

မအေး၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံရပြန်သည်။

“နွေရာသီရဲ့ ရှုခင်းတွေက မအေးဖြူရဲ့ မျက်လုံးတွေနဲ့တူတယ်”

“ဟင် .. ဘာဖြစ်လို့လဲ”

“မြင်လည်း မြင်ချင်တယ်၊ ရင်လည်းမောရတယ်”

မအေးပြုံးသည်။

“အစ်ကို သိပ်ပြောတတ်တာပဲ”

“ဒီလောကကြီးမှာ အစ်ကို အကြောက်ဆုံးတစ်ခုရှိတယ်။ သိလား”

မအေးဖြူက ကျွန်တော့်ကို လှမ်းကြည့်သည်။ ဘာလဲဟု မေးသည့်သဘော။

“မအေးဖြူနဲ့ ဝေးရမှာကို အစ်ကို အကြောက်ဆုံးပဲ”

“ဘာလို့ဝေးရမှာလဲ အစ်ကိုရယ်”

“ကဲ… အခု စာမေးပွဲပြီးပြီး ကျောင်းလည်းပိတ်ပြီး အစ်ကိုက စကားအင်းရွာမှာ နေတယ်၊ မအေးဖြူက တံတားဦးမြို့ပေါ်မှာ နေတယ်။ ဒီနေ့တွေ့ပြီးရင် နောက်တစ်ခါ ဘယ်လိုလုပ်တွေ့ကြတော့ မလဲ၊ ဒီမျက်လုံးလှလှလေးတွေကို ပြန်မြင်ရဖို့ ဘယ်လောက် စောင့်ရဦးမလဲ”

“တံတားဦးနဲ့ စကားအင်း ဘယ်လောက်များဝေးလို့လဲ အစ်ကိုရယ်၊ စက်ဘီးနဲ့လာလာ မြင်းလှည်းနဲ့လာလာ အနီးလေး” ၊

“ဪ .. လာတာတော့ ဟုတ်တာပေါ့။ မအေးတို့ အိမ်ကို အစ်ကိုက ဘယ်လိုလုပ်လာရဲမလဲ၊ ဆရာ့ကို ကြောက်တယ်”

မအေးဖြူထံမှ ချစ်စဖွယ် ရယ်သံလေး ထွက်လာသည်။

မအေး၏ ဖခင် ဆရာကျော်က အလယ်တန်းပြဖြစ်သည်။ ကျွန်တော်တို့ (၇) တန်းအထိ သင်္ချာသင်ခဲ့သော ဆရာ၊ အသင်အပြ

ကောင်းသလောက် မျက်နှာထားတင်းသည်။ ကျွန်တော်တို့ ဆရာ့ကို ရိုလည်း ရိုသေသည်။ ကြောက်လည်း ကြောက်သည်။

“မရယ်နဲ့ဗျ၊ တော်ကြာကျမှ ငိုနေရမှာ”

မအေးဖြူ ခပ်ငေးငေးလေးတွေသွားသည်။

ဆယ်တန်း စာမေးပွဲဆိုသည်ကိုလည်း ကျွန်တော်မယုံချင်။ အထူးသဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် မယုံချင်။ ကိုယ့်ဘာသာ

တော့ကြိုးစားခဲ့ပါသည်။ သို့သော် အောင်မည် မအောင်မည် မပြောရဲ။

စာမေးပွဲကို ကျွန်တော်တို့ နှစ်ယောက်စလုံး အောင်မည် လား။ နှစ်ယောက်စလုံးကျမည်လား။ တစ်ယောက်အောင်၍ တစ်ယောက်ကျမည်လား။ ဘယ်သူအောင်၍ ဘယ်သူကျမည်နည်း။ ကျွန်တော်တို့ ခုနှယ် ပြန်ဆုံနိုင်ဖို့ အခွင့်အရေး ရှိပါဦးမည်လား။ ခေတ္တ ခွဲသည်ထင်ရာမှ တစ်သက်လုံး ကွဲကွာသွားကြမည်လား။ ။

ထိုအတွေးက ကျွန်တော့် ရင်ကို တုန်လှုပ်စေပါသည်။

နွေဦး၏ လေရူးမွှေချိန်မှာ အချစ်ဦးအတွက် အချစ် သောကပွေရပြီ။

“မအေးဖြူ”

“အစ်ကို”

“မအေးဖြူနဲ့ အစ်ကို မခွဲချင်ဘူး”

“ဘယ်သူက ခွဲခိုင်းလို့လဲ”

“အခု မအေးဖြူ အိမ်ကို ဘယ်လိုပြောခဲ့လဲ”

“စာမေးပွဲပြီးရင် သူငယ်ချင်းတွေနဲ့ အင်းဝဘက်သွားလည် ကြမယ်လို့ ပြောခဲ့တယ်”

“ဘယ်နှစ်နာရီ အရောက် ပြန်ရမှာလဲ”

“လေးနာရီအရောက် ပြန်ရမှာ”

ကျွန်တော်လက်မှ နာရီကို လှမ်းကြည့်လိုက်သည်။

“ကဲ .. အခုပဲ တစ်နာရီကျော်နေပြီ၊ သုံးနာရီလောက် ဆိုရင် အစ်ကိုနဲ့ မအေးဖြူ ခွဲရတော့မယ်”

“အို အစ်ကိုကလည်း ဒီလောက်တော့ ခွဲနေရမှာပေါ့။ ပညာစုံလို့ အလုပ်ရတော့ အတူနေမှာပေါ့”

“အဲ့ဒီလောက် ကြာအောင် အစ်ကို မစောင့်နိုင်ဘူး”

“မစောင့်နိုင်လို့ ဘယ်ဖြစ်ပါ့မလဲ အစ်ကိုရယ်”

သူက မျက်လုံးရွဲကြီးများနှင့် ကျွန်တော့်ကို ငေးကြည့်နေသည်။

“အဲ့ဒီလို မကြည့်နဲ့ မအေးဖြူ၊ အစ်ကို ရူးသွားလိမ့်မယ်”

သူကပြုံးလိုက်၍ သူ့မျက်လုံးများမှာ ပိုပြီး အရည်လဲ့လာသည်။

“ဒီလောက်လှတဲ့ မျက်လုံးတွေကိုသာ မမြင်ရရင် အစ်ကို သိပ်လွမ်းရမှာ”

“ပိုတယ် အစ်ကိုရယ်”

“မပိုဘူး မအေးဖြူ၊ အစ်ကိုရင်ထဲ ရှိတဲ့အတိုင်း ပြောနေတာ”

ကျွန်တော်က မအေးဖြူ၏ လွယ်အိတ်ပေါ်မှာ ကျွန်တော့်လက်ကို ဖြန့်၍တင်လိုက်သည်။ ကျွန်တော်ဘာတောင်းသည်ကို မအေးသိပါ၏။ သူ့လက် ဖြူဖြူနုနုလေးကို ကျွန်တော့်လက်ထဲမှာ အသာအယာ ထည့်ပေးရှာ၏။

“ဪ … သိပ်ချစ်စရာကောင်းတဲ့ မအေးဖြူရယ်”

သူ့ လက်ကလေးကို ကျွန်တော် တင်းတင်းပါအောင် ဆုပ်ထားလိုက်မိသည်။

ဘယ်တော့မှ လွတ်ထွက်မသွားချင်သော လက်ကလေး။ ကျွန်တော့်ရင်ထဲမှာ ပို၍ မောလာသည်။

မအေးဖြူနှင့် ခွဲခွာနေဖို့ ကျွန်တော် မစဉ်းစားချင်တော့ပါ၊ ခုလည်းမခွဲချင်၊ နောင်လည်း မခွဲချင် ခဏလေးလည်း မခွဲချင်၊ အကြာကြီးလည်း မခွဲချင်အပြီးအပိုင်ခွဲဖို့ “ သွားစမ်းဘယ်တော့မှ မခွဲဘူး” အတွေးထဲမှာပင် လက်မခံနိုင်။

ဖြစ်နိုင်လျှင် မအေးဖြူနှင့် ခုတစ်ခါတည်း အတူနေလိုက်ချင်ပြီ ဟုတ်သည်။ ဤအခွင့် အရေးမျိုး နောက်ထပ်ရဖို့မလွယ်။ ကျွန်တော့်ရင်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကြောင့် ကျွန်တော်နှလုံး ခုန်သံတွေ ပိုမြည်ပြီး ပိုမြန်လာကြပြီး

ဆုပ်ထားဆဲ မအေးဖြူ၏ လက်ကလေးကို ပို၍ တင်းကျပ် အောင် ဆုပ်ကိုင်လိုက်မိသည်။

“မအေးဖြူ”

“အစ်ကို”

“အစ်ကိုတို့ တစ်ခါတည်း ထွက်ပြေးကြစို့လား” “အို … မဖြစ်နိုင်တာ” မအေးဖြူထိတ်လန့်သွားသည်။

မအေးဖြူကိုကြည့်ပြီး ကျွန်တော်အားမရ၊ သို့သော် ဤမျှ စွန့်စားရမည့်ကိစ္စကို သူလွယ်လွယ်နှင့် လက်ခံနိုင်မည်မဟုတ်သည်မှာ သဘာဝကျသည်ဟု ကျွန်တော်နားလည်လိုက်သည်။ ကျွန်တော် ကတော့ နောက်တစ်ဆင့်ထပ်ပြီး ပို၍ ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။

“ဖြစ်နိုင်ပါတယ် မအေးဖြူရယ်၊ ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ မအေးဖြူ အစ်ကို့ကို မချစ်ဘူးလား”

“မေးစရာလိုလို့လား အစ်ကိုရယ်”

“လိုတယ် မအေးဖြူ ဒါအရေးကြီးတယ် ”

“သိပ်ချစ်ပါတယ် အစ်ကိုရယ်”

သူခေါင်းကလေး ငုံ့သွားသည်။ သိပ်အားရစရာကောင်းသည့် အဖြေ။

“သိပ်ချစ်ရင် သိပ်သတ္တိရှိရမှာပေါ့ မအေးဖြူရယ်။ သတ္တိမရှိ ရင်တော့ အစ်ကို့ကို တကယ်မချစ်လို့ဘဲ၊ အချစ်စစ် အချစ်မှန်ဆိုတာ ဘာမဆို စွန့်စားရဲတဲ့သတ္တိကို ဖြစ်ပေါ်စေတယ်တဲ့ …”

“ညအမှောင်မှာ ပြင်လွင်တစ်ပါးမသွားရဲတဲ့ မိန်းကလေးကလည်း အချစ်နဲ့ ပတ်သက်လာရင် သုသာန် တစ်စပြင်ကိုတောင် ဖြတ်ကျော်ဝံ့တယ်တဲ့ ..”

“ဘုရင့်သမီးတော်ကလည်း စောင်းအိုးလုလင်နဲ့အတူ တစ်ဝဂူ ထဲမှာ အသက်စွန့်ဝံတယ်၊ ချစ်သူနဲ့ တွေ့ရဖို့ဆိုရင် ပင်လယ်ရေလက်ကြားကိုလည်း ဖြတ်ကူးရဲကြတယ်တဲ့၊ တကယ်ချစ်တဲ့ ချစ်သူ နှစ်ယောက်ရဲ့ ကြားမှာ အတားအဆီးဆိုတာ မရှိဘူး၊ မဖြစ်နိုင်တာမရှိဘူး၊ ဘာမဆိုလုပ်ဝံ့တယ်၊ ဘာမဆို ဖြစ်နိုင်တယ်၊ ကဲ..ပြော မအေးဖြူ အစ်ကိုနဲ့အတုလိုက်ဖို့ သတ္တိမရှိဘူးလား၊ မဖြစ်နိုင်ဘူး လား”

ကျွန်တော်က ဖတ်ဖူးသမျှ၊ ကြားဖူးသမျှနှင့် ကြီးကျယ် အောင်၊ ခိုင်မာအောင် အပိုင်ချည်၍ ပြောလိုက်သည်။

ကျွန်တော် တကယ်ပြောနေခြင်း ဖြစ်သည်ကို အေးဖြူ နားလည်သွားသည်။

သူကဘာမျှပြန်မပြော။ ကျွန်တော့် မျက်နှာကိုလည်း မကြည့်၊ သူ့ရှေ့ရှိဖန်ခွက်ထဲမှ ရေခဲတုံးကလေးများကို ငေးကြည့်နေ သည်။ သူ့ရင်ထဲမှာ သိပ်လှုပ်ရှားနေပေလိမ့်မည်။ ကျွန်တော် ဆုပ်ကိုင် ထားသည့် သူ့လက်ကလေးသည် သွေးတိုးနှုန်းမြန်နေသည်။

ကျွန်တော်မအေးဖြူကို သနားလိုက်မိသည်။ သို့သော် သိပ်ချစ်သည်။ ယနေ့သာ အတူထွက်ပြေးကြလျှင် သူကျွန်တော့် ဇနီးလေးဖြစ်ပြီ။ ကျွန်တော်တို့ ဘယ်တော့မှ ခွဲရတော့မည်မဟုတ်။

အို … သိပ်ချစ်ရသည့် မအေးဖြူကို ကျွန်တော် ပိုင်ဆိုင် ချင်စမ်းလှသည်။ မြတ်နိုး ပိုင်ပိုင် ချစ်ခွင့်ရချင်သည်။ အတူတကွ နေချင်စမ်းလှသည်။ ကျွန်တော့် ခေါင်းထဲမှာ မအေးဖြူကို ချစ်သည်ကလွဲ၍ ဘာမျှမရှိ။ မအေးဖြူနှင့် အတူနေချင်သည်က လွဲ၍ ဘာမျှမရှိ။

ရှေ့စကားဆက်ရန်အတွက် ကျွန်တော် သက်ပြင်းတစ်ချက် ကို မှုတ်ထုတ်လိုက်သည်။

“အသေအချာ စဉ်းစားစမ်းပါ မအေးဖြူရယ်၊ ဘဝဆိုတာ ဘာမှ ရေရာတာမဟုတ်ဘူး၊ ဆယ်တန်းအောင် ဘွဲ့ရ၊ အလုပ်ရ မဖြစ်ခင် အကြောင်းအမျိုးမျိုးကြောင့် မအေးဖြူနဲ့ အစ်ကို ကွဲသွား နိုင်တယ်၊ အဲ့ဒီလိုကွဲသွားရင် ဆယ်တန်းအောင်တောရော၊ ဘွဲ့ရတာရော အလုပ်ရတာရော တစ်လောကလုံးမှာ ဘာကိုပဲရရ၊ ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး၊ မအေးဖြူကိုရရင် တစ်လောကလုံးကို ရတာနဲ့အတူတူပဲ။ ကျန်တာတွေ ဘာမှမရချင်လဲ နေပစေ၊ မအေးဖြူနဲ့ အတူနေရဖို့ဆိုရင် အစ်ကိုတော့ ဘာမဆို စွန့်လွှတ်ခံ့တယ်၊ မအေးဖြူ အခုတစ်ခါတည်း အစ်ကိုနဲ့လိုက်ခဲ့ပါနော်၊ အစ်ကိုတို့ အတူပြေးကြရအောင်၊ အစ်ကို မအေးဖြူနဲ့ မခွဲနိုင်တော့ဘူးကွာ”

မအေးဖြူခေါင်းငုံ့နေဆဲ…။ တုံဏှိဘာဝေ ဆိတ်ငြိမ်နေဆဲ ။

ကျွန်တော် မအေးဖြူကို အားမရရုံမက မကျေမနပ်ဖြစ်လာ သည်။

“မအေးဖြူ၊ ပြောစမ်းပါ မအေးဖြူရယ်၊ သတ္တိမရှိဘူးလားဟင်”

ကျွန်တော် ဆုပ်ကိုင် ထားသော သူ့လက်ကလေးကို လှုပ်ယမ်း၍မေးမိသည်။

မအေးဖြူထံမှ ဘာသံမျှ ထွက်မလား။

“ဘယ်လိုလဲ မအေးဖြူ အစ်ကိုနဲ့အတူ အဆင်းရဲ မခံဝံ့ဘူးလားဟင်”

မအေးကမဖြေ။

ကျွန်တော်သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။

“အစ်ကို သိပါပြီလေ …၊ ဒါဟာ ပင်လယ်ရေကြောကို ကူးရတာလည်း မဟုတ်ပါဘူး၊ တစ်ဝဂူထဲမှာ အတူအသေခံရတာမျိုးလည်း မဟုတ်ပါဘူး၊ ဒါတောင် မအေးဖြူမစွန့်စားဝံ့ဘူး၊ သတ္တိမရှိဘူး မဟုတ်လား၊ ဘယ်သတ္တိ ရှိပါ့မလဲ၊ မအေးဖြူအစ်ကို့ကို တကယ် မချစ်လို့ပေါ့”

မအေးဖြူ၏ ပါးပြင်ပေါ်တွင် မျက်ရည်ပေါက်ကြီးများ တလိမ့်လိမ့် စီးကျလာသည်။ ပြီးတော့ ရုတ်တရက် ခေါင်းကို မော့ လိုက်သည်။ ကျွန်တော့်ကို ခပ်တင်းတင်း စိုက်ကြည့်နေသည်။

“အဲ့ဒီလိုတော့ မပြောနဲ့ အစ်ကို၊ အေး မခံနိုင်ဘူး၊ အေးဖြူ အစ်ကို့ကိုသိပ်ချစ်တယ်၊ သတ္တိလည်းသိပ်ရှိတယ်၊ အေးဖြူအတွက်ဘာကို မှ စွန့်လွှတ်ရမှာ ဝန်လေးလို့ မဟုတ်ဘူး၊ အေးဖြူကြောက်တာတစ်ခု ပဲရှိတယ် အစ်ကိုဆင်းရဲမှာ၊ အစ်ကို့ကိုလူတွေ အထင်သေးမှာ ပြောကြ ဆိုကြမှာ ..”

“အို.. အဲ့ဒါတွေ အစ်ကို အကုန်ခံဝံ့တယ်၊ အစ်ကို မခံဝံ့တာ က တစ်ခုပဲရှိတယ်၊ မအေးဖြူနဲ့ ခွဲရမှာ”

“လာ .. အစ်ကို အခုသွားမယ်၊ အချိန်မရှိဘူး”

မအေးဖြူက ထိုင်ရာမှ ရုတ်တရက်ထလိုက်သည်။

“ဘာ .. တကယ် .. မအေးဖြူ တကယ်ပြောတာလား”

ကျွန်တော် မယုံနိုင်အောင် အံ့သြသွားမိသည်။

“တကယ် ပြောတာပေါ့၊ ဘာလဲ .. အစ်ကို သတ္တိမရှိတော့ ဘူးလား”

“အို .. သိပ်ရှိ၊ လာ .. သွားမယ်”

ကျွန်တော် ထိုင်နေရာမှ ထလိုက်သည်။ စားပွဲပေါ်တွင် သံပုရာရည်တစ်ဝက်စီနှင့် ဖန်ခွက် နှစ်ခွက် မအေးဖြူ ပြောထားသော စကားကို သတိရ၍ ကျွန်တော်က ဖန်ခွက်ကို ကောက်ယူပြီး တစ်ခွက်ကို မအေးဖြူထံကမ်းပေးလိုက်သည်။

“ကဲ … ပြိုင်တူ ကုန်အောင် သောက်မယ်”

နှစ်ယောက် ပြိုင်တူ မော့ချလိုက်ကြသည်။ ရင်ထဲမှာ အေးမြသွားသည်။

အပိုင်း ၂ ဆက်ရန်

စာချစ်သူ သူငယ်ချင်းအားလုံး ကပ် ၃ ပါးဘေးမှ ကင်းဝေးကြပါစေ

MeeMee

မေတ္တာဖြင့်

ဆရာမ Mee Meeရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှ ကူးယူမျှဝေပေးပါသည်။